ဆင်နင်းခံရမှုကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ တစ်ဦးတို့အား ထောက်ပံ့ငွေများပေးအပ်

ပုသိမ်    ဇူလိုင်      ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ် မဒေါ့ကုန်းကျေးရွာအုပ်စု ငှက်ပျောချောင်းကွင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆင်နင်းခံရမှုကြောင့် သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ တစ်ဦးတို့အား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ သွားရောက်ထောက်ပံ့ ပေးအပ်သည်။

ထိုကဲ့သို့ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်သက်သက်ဆွေက ငွေကျပ် ၃၀၀၀၀၀ နှင့် အာဟာရမှုန့်များကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် သေဆုံးသူ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၀နှုန်းဖြင့် သေဆုံးသူ သုံးဦးအတွက် ငွေကျပ် ၉၀၀၀၀၀နှင့် ဒဏ်ရာရရှိသူ တစ်ဦးအတွက် ငွေကျပ် ၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၉၅၀၀၀၀အား တိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သက်သက်ဆွေ၊ ဧရာဝတီ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူ များက ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)