ဟင်္သာတ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်း (ဆိပ်)ကျေးရွာတွင် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်က လွှတ်တော်၏ လုပ်ငန်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးတင်ပြချက်များကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ကျေးလက်ရေရှိရေး၊ ဆိုလာ မီးလင်းရေးနှင့် ဒေသထုတ်ကုန်များမှ ဆန်းသစ်တီထွင်ပြီး အသေးစားလုပ်ငန်းများအတွက် လိုအပ်သည့် အကူညီရရှိရေး ဆောင်ရွက်ပေးသည့် အခြေနေများကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စန်းက တောင်သူများအတွက် အကာကွယ် ပေးထားသည့် ဥပဒေများ၊ သီးနှံထွက်နှုန်းတိုးရေးနှင့် ပန်းတိုင်ထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ သွင်းအားစုနှင့် မျိုးစေ့များ ရရှိရေး ဆောင်ရွက်နေမှုများကို လည်းကောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က လူတိုင်းသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယကင်းဝေးရေးဆိုသည့် ရည်မှန်းချက်နှစ်ရပ်အပေါ် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ခရိုင်ပြန်ဆက်ဦးစီးမှူးက ဦးစီးဌာန၏ မူဝါဒနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများ၊ အကြောင်းကြောင့်ရပ်နားထားခဲ့ရသည့် ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ဆွေးနွေးပွဲများ၊ အစိုးရနှင့် ပြည်သူလူထုကြား ပေါင်းကူးဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်နိုင်ရန် ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း တင်ပြဆွေးနွေးကြရာ ကျေးရွာပြည်သူများမှ ပြန်လည်မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရေလယ်ကျွန်း(ဆိပ်) အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ (၂၀၀) ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)