ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်းရန်ပုံငွေ ထုတ်ချေး

ခန္တီး ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်းရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ကင်းတော်ကျေးရွာခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားရာ မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာကော်မတီဝင်များအား ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် အသင်းသူ/အသင်းသားများကလည်း သတ်မှတ်စည်းကမ်းအားလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခန္တီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းမိုးက စီမံကိန်းမှာ (၁၂) ကြိမ်မြောက် စက်ဝန်းအထိ အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးခဲ့သည့် မူလရန်ပုံငွေသိန်း (၃၀၀) အပြင် ကျေးရွာမှ အတိုးရငွေသိန်း (၆၄၀)အထိ ရရှိပြီးဖြစ်ကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းဖြင့် စီမံကိန်းအား အောင်မြင်အောင် ဆောင်ရွက်ကြရန် ပြောကြားကာ မြို့နယ်ဦးစီးမှူး ဒေါ်ထက်ဥမ္မာခင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်းရန်ပုံငွေ ထုတ်ချေးပေးမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်းရန်ပုံငွေထုတ်ချေး‌ပေးရာတွင် ကင်းတော်ကျေးရွာအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၇) ဦးအတွက် ငွေကျပ် (၁၂.၀၀) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၀) ဦးအတွက် ငွေကျပ် (၁၂.၇၀) သန်း၊ ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄၈) ဦးအတွက် (၃၂.၇၀) သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၅၂) ဦးအတွက် ငွေကျပ် (၃၄.၁၀) သန်း စုစုပေါင်းအသင်းသား (၁၃၇) ဦးအား ငွေကျပ် (၉၁.၅၀) သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)