အောင်လံ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစိုးရသစ်၏ ပထမရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပေးသော ကျေးရွာမြေငှားဂရမ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကသစ်ကန်ကျေးရွာအတွင်းရှိ အိမ်ခြေ (၂၀၀) အတွက် ကျေးရွာမြေငှားဂရမ်များကို အသီးသီးပေးအပ်ရာ ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြပြီး၊ ကျေးရွာနေပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)