ချောင်းဦး ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖီးကြမ်းငှက်ပျောပင် အပင် ၃၅၀ စိုက်ပျိုးပွဲ ကျင်းပသည်။
ချောင်းဦးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဖြည့်စွက်အဟာရ ကျွေးမွေးနိုင်ရေး ရည်ရွယ်ပြီး စိုက်ပျိုးပွဲ ကျင်းပကြောင်း သိရသည်။
ချောင်းဦးမြို့ရှိ အခြေခံပညာကျောင်းဝင်းများအတွင်း၌ ဆက်လက်၍ ဖီးကြမ်းငှက်ပျောပင်များ အပင်ရေ၁၀၀၀ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)