အိမ်မဲမြို့တွင် စူဠဘွဲ့နှင်းသဘင်နှင့် ဂုဏပူဇာ အခမ်းအနားကျင်းပ

အိမ်မဲ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ် ပရိယတ္တိသာသနာနုဂ္ဂအသင်းမှ ကျင်းပပြုလုပ်သော စူဠဘွဲ့နှင်းသဘင်နှင့် ဂုဏပူဇာ အခမ်းအနားကို သာသနာတော်နှစ်-၂၅၇ဝ ကောဇာသက္ကရာဇ်-၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၄) ရက် ခရစ်နှစ်-၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့နံနက် (၈) နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားကို တက်ရောက်လာသူများက “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အိမ်မဲမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တမဟိန္ဒ မိုးကုတ် (၂၉) ဓမ္မရိပ်သာ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များမှ မေတ္တသုတ်ပရိတ်တရားရွတ်ပွား ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး က သာသနာရေးဆိုင်ရာများ၊ အိမ်မဲမြို့နယ်၊ ပရိယတ္တိသာသနာတော် ထောက်ပံ့လှူဒါန်းရေး စေတနာရှင်များအဖွဲ့ကိုယ်စားဒေါ်စန်းမြင့်မှ ပရိယတ္တိသာသနာတော်ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများအား အသီးသီးလျှောက်ထားခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများကအစိုးရပါဠိပထမပြန်နှင့် အိမ်မဲမြို့နယ်လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ သံဃာတော်များဦးစီးသော မြို့နယ်သာသနာနုဂ္ဂဟအသင်းမှ ကျင်းပပြုလုပ်သည့် (၅၆)ကြိမ်မြောက် မြို့နယ်ပရိယတ္တိစာမေးပွဲစာအောင် သံဃာ၊ သာမဏေနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ခြင်းခံရသည့် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဝေဇယန္တာကျောင်းတိုက် ဆရာတော်နှင့် ရက္ခပူရ သာမဏေကျော်၊ မဇ္ဈိမာလင်္ကာရ သာမဏေကျော် (သာမဏေကျော်နှစ်ဘွဲ့ရ) အိမ်မဲမြို့နယ်၊ ရေသိုးညောင် ဝိုင်းကျေးရွာအုပ်စု၊ အနောက်ကုန်းကျေးရွာ၊ ပုဗ္ဗာရုံ ကျောင်းတိုက်မှ ရှင်သုမနာလင်္ကာရ တို့၏ ထေရုပ္ပတ္တိအား  ဖတ်ကြားလျှောက်ထားပြီး တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီးတေရသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ၌ နိုင်ငံတော်အဆင့်(ပဉ္စမ)နှင့်ဧရာဝတီ တိုင်းဒေသကြီးအဆင့် (ဒုတိယနှင့် တတိယ) ဆုရရှိခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ကြွရောက်တော်မှုလာကြသည့် ပင့်သံဃာအရှင်သူမြတ်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက်အိမ်မဲမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တမဟိန္ဒ မိုးကုတ် (၂၉) ဓမ္မရိပ်သာ ဆရာတော်ဘုရားမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားချီးမြှင့်ပေးပြီး ရေစက်သွန်းချအမျှအတန်းပေးဝေကာ”ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”(၃)ကြိမ်ရွတ်ဆို ၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)