သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ရှိပြီး စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ ရဲဝင့်စွာ ပြောဆိုတတ်စေရန်နှင့် ဖတ်မှတ်စွမ်းရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့‌ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)