ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး အင်းမမြို့ရှိ တိုက်နယ်ဆေးရုံနှင့် အ.ထ.က (အင်းမ)သို့သွားရောက်၍ ကြည့်ရှုစစ်ဆေး

သဲကုန်း ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးလွှတ်တော်အဖွဲ့ဝင် ဦးအုန်းသွင်၊ ပညာကျန်းမာလူမှုရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ပွင့်ဆန်း၊ စီမံကိန်းစီးပွားရေးနှင့် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးမြစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အင်းမမြို့ရှိ တိုက်နယ်ဆေးရုံနှင့် အ.ထ.က (အင်းမ)သို့သွားရောက်၍ အဆိုပါဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် အင်းမပြည်သူ့ဆေးရုံ၌ အင်းမတိုက်နယ်ဆရာဝန် ဒေါက်တာကျော်မျိုးနိုင်နှင့်တွေ့ဆုံ၍ ဓာတ်မှန် ခန်း၊ ခွဲစိတ်ခန်း၊ မွေးလူနာခန်း၊ ဝန်ထမ်းအိမ်ယာများ ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်များအားလမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း ဆေးကုသမှုခံယူလျက်ရှိသော လူနာများအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(အင်းမ) သို့သွားရောက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်ဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမာလာတို့နှင့် တွေ့ဆုံ၍ ကျောင်းဝန်းအတွင်းရှိ အလျား ၁၄၀ပေ၊ အနံ ၃၀ပေခန့်ရှိ အခန်း(၈)ခန်းပါ ပျက်စီးယိုယွင်းနေသော ပတ္တမြား(၂)ထပ်ဆောင်၊ သိပွံခန်း(ပုလဲဆောင်)၊ KGခန်း(နီလာဆောင်)၊ အဆောင်သစ်(ရတနာဆောင်)တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းစာကြည့်တိုက် (သန္တာဆောင်)၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ၏ မိဘများနှင့် တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါကျောင်းရှိ သိပ္ပံခန်း၊ စာကြည့်တိုက်ခန်း အဆောက်အဦချပေးရန် တင်ပြခဲ့မှုများအပေါ် ဆောက်လုပ်မည့် မြေနေရာလွတ်ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ကိုကျော် (သဲကုန်း)