ကျောက်မဲ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒအရ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အဆင့်ကျောင်းထိုင်ဘုန်းကြီးသင်တန်းနှင့် ဝိနည်းဓိုရ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခိုမုန်းကျေးရွာအုပ်စု၊ ထမ်းလင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သင်တန်းဩဝါဒါစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ သင်တန်းတာဝန်ခံ ဆရာတော်များနှင့်သင်တန်းမှူးဆရာတော်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးဇော်ဇော်ထွန်း၊ ခရိုင်သာသနာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်လတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသားသံဃာတော်များအား သင်တန်းဆင်း အသိအမှတ်ပြုလွှာများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပြည်လုံးချမ်းသာပရိယတ္တိ စာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် သင်တန်းမှူးဆရာတော်က သင်တန်းဆိုင်ရာအစီရင်ခံစာကို ဖတ်ကြားလျှောက်ထားပြီး သင်တန်းအောင်မြင်စွာ ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သင်တန်းဩဝါဒါစရိယ နမ့်စစ်လင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုမနာလင်္ကာရ ထံမှ နိဂမနဩဝါဒကထာ ချီးမြှင့်မိန့်ကြားတော်မူသည်။ ဆက်လက်၍ အလှူရှင်များနှင့်သင်တန်းတွင်နည်းပြအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်းပေးဝေခဲ့ကြကာ ရတနာမြတ်သုံးပါးအား ထပ်မံပူဇော်ကန်တော့၍ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၄)ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသားသံဃာတော် အပါး ၁၁၃ ပါး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်