မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တာပသွန်ကျေးရွာအုပ်စု စက်ရုံသစ် ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇူလိုင် ၁၈

မွန်ပြည်နယ်အတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုပြောင်းလဲမှု ကာကွယ်နိုင်ရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရတနာတိုးချဲ့ကွက်သစ်၊ အိမ်ရာမြေအတွင်း ကျင်းပပြုလုပ်ရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုဆောင်ရွက်ရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက  မော်လမြိုင်မြို့နယ်၊ လှိုင်ရတနာတိုးချဲ့ကွက်သစ်၊ အိမ်ရာမြေအတွင်း စိမ်းလန်းစိုပြည်သာယာလှပစေရေး ပြည်သူလူထု အေးချမ်းပျော်ရွင်စွာ အနားယူအပန်းဖြေနိုင်စေရေး၊ ရာသီဥတုသာယာမျှတစေရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့မှာ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး စတဲ့ရည်ရွယ်ချက်များနဲ့ ယခုသစ်ပင်စိုက်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ပြီး စိုက်ပျိုးပြီးနောက်ပိုင်းမှာလည်း ရာသီအလိုက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြမှသာ စိုက်သမျှအပင်တွေ ကောင်းမွန်စွာ ရှင်သန်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိအကြီးအကဲများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်/ဒီဂရီ‌ကောလိပ်၊ သူနာပြု/သားဖွားသင်တန်းကျောင်း၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ၂ဝ၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အနေဖြင့် စိန်ပန်းနီ၊ စိန်ပန်းဝါ၊ ရေတမာ၊ ခရေ၊ ငုရွှေဝါ၊ ကံ့ကော်၊ အနန်း၊ ရင်ခတ်၊ ပျဉ်းမ စသည့် သစ်အမျိုးအစား စုစုပေါင်း (၁၂၀၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများ၏ တစ်ပျော်တစ်ပါးမိုးရာသီ သစ်ပင်စိုက်ပျိုးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း ဒေသထုတ်ကုန်များ ပိုမိုမြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခလောက်ပေါ်ရွာကွင်း၊ ကွင်းအမှတ် -၈၁၆(ခ) ရှိ နိုင်ငံတော်ပိုင်မြေ (State Land) သတ်မှတ်ထားသည့်မြေနေရာသို့ သွားရောက်၍ တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်လုပ်မည့်စက်ရုံ တည်ဆောက်မည့်မြေနေရာအား လှည့်လည်ကြည့်ရှုစစ်‌ဆေး၍ ပြည်နယ်မြေစာရင်းဦးစီးမှူးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က မြေနေရာအကျယ်အဝန်း၊ မြေအသုံးချမှုအခြေအနေနှင့် စက်ရုံတည်ဆောက်မည့် အစီအစဥ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံများ ရေရှည်လည်ပတ်နိုင်ရန်အတွက် လိုအပ်မည့်လျှပ်စစ်မီးရရှိရေး၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်၊ စက်ရုံဆောက်လုပ်မည့် မြေနေရာများတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြစ်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်‌ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)