မူဆယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

မူဆယ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မူဆယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးနော်တောင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား (၄)ဘာသာဂုဏ်ထူးရှင် လူရည်ချွန်ကျောင်းသား မောင်ထွန်းထက်အောင်နှင့် မြို့နယ်ပညာရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)