ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရမ်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ငပုတော ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရမ်များ အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်‌ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးမည့် အိမ်များအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများနှင့် သက္ကယ်ချောင်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ လက်ဝယ်သို့ မြေငှားဂရမ်များ စနစ်တကျနှင့် အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းတိုင်းတာခဲ့မှုများအပေါ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးမည့်အိမ် တစ်အိမ်တက်ဆင်း စစ်ဆေးနေသည့် လုပ်ငန်းစဉ်များကို အသေးစိတ် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်‌ဆေးရာတွင် ကျေးရွာမြေကွက်များအား စနစ်တကျကွင်းဆင်းတိုင်းတာခြင်း၊ အမှန်တကယ်နေထိုင်ပိုင်ဆိုင်မှု ရှိ၊ မရှိအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးမေးမြန်းခြင်း၊ သတ်မှတ်ရက် (၁၀၀)စီမံချက်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆွေးနွေးညှိနှိုင်းခြင်းအား ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမြေစာရင်းဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာတာဝန်ရှိသူများအား မြေပြင်တိုင်းတာရာတွင် တိကျမှန်ကန်မှုရှိစေရေး၊ ပြည်သူများ လွယ်ကူလျင်မြန်စွာ ဂရမ်ရရှိနိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်သူ(ပြန်/ဆက်)