ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကော့မှူး ဇူလိုင် ၁

မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်‌စေရန် ရည်ရွယ်၍  (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား‌ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ် စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့သည့် အာဇာနည်တို့ဂုဏ်ရည်ကို အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဟောပြောပွဲများအား ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော်က အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိရန် နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျေးဇူးတရားကိုမမေ့ကြရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်အမြဲတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်နှင့် အာဇာနည်ကြီးများ၏ အထ္ထုပ္ပတ္တိအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပရာ မူလွန်(ပတုပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဝာာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)