ချမ်းအေးသာစံ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး(ကန်တော်နဒီ) ကင်ဆာရောဂါအထူးကုဌာနဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကင်ဆာရောဂါအထူးကုဌာနတွင် အတွင်းလူနာ ပြင်ပလူနာများအား လက်ခံ၍ ဆေးဝါးကုသပေးနေမှုနှင့် ဆေးရုံနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးရုံအင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ဆေးဝါးကုသမှုခံယူနေကြသည့် လူနာများ စိတ်ချမ်းမြေ့စေရေး၊ ဆေးရုံပရဝဏ်အတွင်းအပြင် အစဉ်အမြဲ သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရေးတို့ကို တာဝန်ရှိသူများအား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းမှ နုန်းစာများဆယ်ယူခြင်းအား စုပေါင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)