သနပ်ပင် ဇူလိုင် ၁၈
ပဲခူးမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ကျန်းမာရေးအဖွဲ့သည် သနပ်ပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်သည့် အဆိုပါအစီအစဉ်တွင် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် သနပ်ပင်မြို့နယ် တာဝရေတံခါး ကျေးလက်ကျန်းမာရေးဌာန၌ ရဟန်းနှင့် ဒေသခံပြည်သူများအား စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ဆေးကုသမှုခံယူနေသည့် ပြည်သူများအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံအားပေးခဲ့ပြီး အထူးကုဆရာဝန်ကြီးများ၏ ကုသရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် အထွေထွေရောဂါ၊ မျက်စိ၊ သားဖွားမီးယပ်၊ အရိုးအကြော၊ အရေပြား၊ သွားနှင့်ခံတွင်း အထူးကုဘာသာရပ် (၆)မျိုးမှ အထူးကုဆရာဝန်ကြီးများက လူနာ ၃၅၀ ကျော်အား ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများအကြား ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေရန်နှင့် ပြည်သူများ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် မြို့ပေါ်ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ကွင်းဆင်းကုသရေးအစီအစဉ်များကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)