ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်များ စနစ်တကျရှိစေရေး ကမ်ပိန်း ပြုလုပ်

တာမွေ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ဦးဆောင်စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ စံပြစျေးမှတ်တိုင်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်များ စနစ်တကျရှိစေရေးကမ်ပိန်းကို ပြုလုပ်သည်။

အဆိုပါ စီးတီးတက္ကစီယာဉ်များ စနစ်တကျရှိစေရေး ကမ်ပိန်းဆောင်ရွက်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီ ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း သွားလာရန်၊ ယာဉ်ကြောကျပ်တည်း မှုမဖြစ်အောင် စနစ်တကျ သွားလာရန်၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ စီးတီးတက္ကစီယာဉ်များမရပ်ကြရန်၊ သတ်မှတ်ထားသည့် စီးတီးတက္ကစီဘုတ်များထားရှိရန်၊ စီးတီးတက္ကစီယာဉ်များတွင် ကြော်ငြာများ မကပ်ကြရန်နှင့် သင့်တင့်မျှတသော ယာဉ်စီးခနှုန်းထားများ ကောက်ခံ၍ ပြေးဆွဲပေးရန် စသည်ဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စီးတီးတက္ကစီယာဉ်များ စနစ်တကျသွားလာဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ  ပူးပေါင်းဆောင်ရွက်ကြသည်။

“ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ညွှန်ကြားချက်အရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်တွေ စနစ်တကျ ပြေးဆွဲဖို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း သွားလာဖို့အတွက် ဒီနေ့ဒီနေရာမှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်စီးတီးတက္ကစီအသင်းတို့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးကမ်ပိန်း ပြုလုပ်တာဖြစ်ပါတယ်။ အဆိုပါကမ်ပိန်းကို ဒီနေ့မှစ၍ အပတ်တိုင်း ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီစံပြစျေးမှတ်တိုင်ရယ်၊ ဟိုဘက်ကညနဘက်ရယ် စုစုပေါင်းနှစ်နေရာလုပ်ဖို့ရှိပါတယ်။ ဒီလို လုပ်ရတာက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းဖို့အတွက်လည်း ပါပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် လူတွေသေဆုံး၊ ဒဏ်ရာရမှုမရှိအောင်လည်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်တွေကို ယခုလိုအသိပညာပေးကမ်ပိန်းတွေ ဆောင်ရွက်ပြီး အသိပညာ‌ပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပ‌ဒေများနှင့်အညီ အရေးယူ‌ခြင်းများလည်း ထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီယာဉ်အစီး‌ရေ (၅၆၀၀၀) ကျော်ရှိပြီး လျှပ်စစ်စွမ်းအင်သုံး (EV) စီးတီးတက္ကစီယာဉ်အစီး‌ရေ (၁၀၀၀) ကျော်ရှိ၍ သဘာဝဓာတ်ငွေ့သုံး (CNG) စီးတီးတက္ကစီယာဉ်အစီး‌ရေ (၁၈၀၀၀) အထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)