မိုးညှင်းမြို့၌ ခရိုင်အဆင့်(ဒုတိယအကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးညှင်း ဇူလိုင် ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၆ ခုနှစ် ခရိုင်အဆင့် (ဒုတိယအကြိမ်) မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီခွဲက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်း၌ ကျင်းပသည်။

အဆိုပါ စိုက်ပျိုးကြရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုမျှတ ကောင်းမွန်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အမြင့်နှစ်ပေနှင့် အထက်ရှိသော အရိပ်ရနှစ်ရှည်ပင်များဖြစ်ကြသည့် ကံ့ကော်(၁၀၀)၊ ခရေ (၁၇၀)၊ ပိတောက် (၅၀)၊ ယမနေ (၅၀)၊ စိန်ပန်း (၅၀)နှင့် အထူးပျိုးပင်များဖြစ်သည့် လောက်ယား (၂၀)၊ စကားဝါ (၂၅၀)၊ သစ်အယ် (၅၀)၊ မျောက်ငို (၅၀)နှင့် တောင်တမာ (၂၁၀) စသည့် သစ်မျိုးစိတ် (၁၀)မျိုး၊ စုစုပေါင်း ပျိုးပင်(၁၀၀၀)ပင်ကို တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းကိုကိုနှင့် ဝန်ထမ်းများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)