မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

မင်္ဂလာတောင်ညွန့် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်မင်္ဂလာခန်းမတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပကြသည်။

ဦးစွာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနက ဦးစီးအရာရှိ‌ ဒေါ်မြတ်မြတ်‌အေးက စာဖတ်ရှိန်မြှင့်တင်‌ရေး အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ရာ‌ ကျောင်းသား၊ ကျောင်းသူ (၇) ဦးက ယှဉ်ပြိုင်ခဲ့ကြပြီး‌နောက် စာရေးဆရာမမေ (ရန်ကုန်) က စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် အချိန်ကိုလေးစားကြပါစို့ ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာတတ်ပါက စာဖတ်ရှိန်မြှင့်တင်ကြရမည်ဖြစ်‌သဖြင့် ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိ‌စေမည့်စာပေများကိုလည်း အချိန်ယူဖတ်ရှုလေ့လာသင့်ကြောင်း စသည့်အကြောင်းအရာတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီဦးက‌ ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခဲ့ကြပါသည်။

ထိုနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးထဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂) ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ စကားပုံဆက်ဂိမ်းကစားခြင်း၊ ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းနှင့် ဘယ်ခြေညာလက်ကစားခြင်း၊ ခွက်ထပ်ကစားခြင်းတို့ကို ပျော်ရွှင်စွာကစားခဲ့ကြပြီး အနိုင်ရရှိသူများအား ဆုလက်ဆောင်များအဖြစ် ဗလာစာအုပ်များကို ပေးအပ်သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)