နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအစည်းအဝေး ပထမနေ့ ကျင်းပ   

ရန်ကုန် ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ ပဉ္စမအစည်းအဝေးပထမနေ့ကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။
အစည်းအဝေးမစတင်မီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ မိသားစုက လှူဒါန်းသည့် ဓမ္မစကြာ မဟာဋီကာသစ်ကျမ်းကြီးနှင့် ဗုဒ္ဓဝါဆိုစဉ်စာအလင်္ကာများ စာအုပ်တို့ကို ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်း သည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် နဝမအကြိမ်နို င်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျ အဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသက တင်သွင်း လျှောက်ထားပြီး နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိက လည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီဟကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာလင်္ကာရာဘိဝံသကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထား သည်။

ဆက်လက်၍ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို ရပ်နားသည်။

ထို့နောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအစည်းအဝေး ပထမနေ့ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ ကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်း၌ ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) + ဒေါ်ကြိုင်ကြိုင်မိသားစုနှင့် ဓမ္မမိတ်ဆွေများက အရုဏ်ဆွမ်း၊ နေ့ဆွမ်း တစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)