ငွေဆောင် ဇူလိုင် ၁၈
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Vocational University of Science and Technologyနှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်သူဦးမှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တရုတ်နိုင်ငံမှ သင်တန်းနည်းပြဆရာ Mr. Feng Jian Lin က အမှတ်တရစကား ပြောကြားခဲ့သည်။ထို့နောက် ငွေဆောင်ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းနည်းပြဆရာများအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက သင်တန်းနည်းပြများအား ကျေးဇူးတင်လွှာပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်အောင်မြင်ခဲ့သော သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်သူဦး၊ မြို့အဆင့် DMO ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်၊ ဟိုတယ်တာဝန်ခံများ၊ သင်တန်းနည်းပြများ၊ ငွေဆောင်/ချောင်းသာဟိုတယ်ဇုန်မှ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်လင်းဦး (ပြန်/ဆက်)