ပေါင် ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က (မင်းတန်း)ကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦး၊ အ.ထ.က (မင်းတန်း) ကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်ဥမ္မာခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၉) ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းက လူကုန်ကူးမှုအကြောင်းသိကောင်းစရာအသိပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်းအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်က ရေဘေးအန္တရာယ်အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက ဒီရေတောများအကြောင်း သိကောင်းစရာ အသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က (မင်းတန်း) ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်နန်းသွယ်သွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)