ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင်လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှုများ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဇွန်တောင် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင်လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှုများ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၀) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်ဆွေက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဆက်ပိုင်မှူးက အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှုများမှ ကာကွယ်နိုင်ရန်ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းက ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးနှင့် HIV၊ AIDS ရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောမှုအပေါ် ကျောင်းသား/ ကျောင်းသူများမှ ပြန်လည်ဆွေးနွေးမေးမြန်းမှုအား တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်စိုး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြအေးနှင့် ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အသိပညာပေးနံရံကပ် စာစောင်များနှင့်စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်