မြောင်းမြ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် နံရံကတ် စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲများကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က အ.ထ.က (၇) ကွယ်လွယ်ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၇) ကွယ်လွယ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေခိုင်စိုးက Moderator အဖြစ်ဆောင်ရွက်၍ အ.ထ.က (၇) ကွယ်လွယ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် မောင်မင်းသွေး၊ မောင်စိုင်းခန့်ဝင်း၊ မရွှန်းလဲ့သီရိထွန်းနှင့် မဝင်းပပချိုတို့က “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်မူးယစ်ဆေး”၊ “လူငယ်နှင့်စည်းကမ်း”၊ “လူငယ်နှင့်ယဉ်ကျေးမှု” စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ များက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကတ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)