ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်း

စစ်တွေ    ဇူလိုင်  ၁၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယနေ့သင်တန်းသည် ယာယီနေရပ် စွန့်ခွာစခန်းတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာ အမျိုးသမီးများနှင့် စစ်တွေမြို့နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး၏ မိသားစုသက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေး၊ ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများ ထူထောင်နိုင်ရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊  သင်တန်းသူများအနေဖြင့် သင်ကြားခဲ့သည့် စက်ချုပ်အတတ်ပညာရပ်ကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် အသုံးချသွားနိုင်ရေး၊ မိမိကိုယ်ပိုင်လုပ်ငန်းငယ်လေးများမှတစ်ဆင့် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်သွားကြရန်နှင့် မိသားစုဝင်ငွေရှာဖွေပေးနိုင်သည့် အမျိုးသမီးများဖြစ်အောင် ကြိုးပမ်းကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သလို ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံတိုင်းရင်းသားများကလည်းကျရာ အခန်းကဏ္ဍကနေ ပြည်ထောင်စုစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်အပြည့်နှင့် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများက သင်တန်းတွင်ဆုရရှိကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်မှု မှတ်တမ်းဗီဒီယိုကိုပြသသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသူများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသူများချုပ်လုပ်ထားသည့် ချုပ်ထည်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး