ရွှေသောင်ယံ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများတိုးပွားစေရန်နှင့် လျှပ်စစ်မတော်တဆမှုများ လျော့နည်းစေရန်ရည်ရွယ်၍ မြို့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့ပေါ်ရှိ ဟိုတယ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လူနေအိမ်များနှင့် အများပြည်သူအသုံးပြုသည့်နေရာများသို့ သွားရောက်ကာ လျှပ်စစ်ပစ္စည်း များကို စနစ်တကျအသုံးပြုရန် မီးကြိုးနှင့် လျှပ်စစ်ပစ္စည်းများကို ပုံမှန်စစ်ဆေးထိန်းသိမ်းရန် လျှပ်စစ်အန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေအနေများကို သတိပြုရှောင်ရှားရန်စသည်ဖြင့် လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိ ပညာများကို ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအနေဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ အသိပညာများတိုးပွားလာစေရေးနှင့်လျှပ်စစ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယခုကဲ့သို့အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်