မော်လမြိုင်ကျွန်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပေးပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training of Trainers-TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို မှန်ကန်စွာ နားလည်သဘောပေါက်ထားရန် လိုအပ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးမည့်ဘာသာရပ်များကို အလေးထားလေ့လာသင်ယူ၍ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချဆောင်ရွက်နိုင်စေရန်နှင့် ရရှိသည့် ဥပဒေအသိပညာများကို ပြည်သူများထံ ထိရောက်စွာ ပြန်လည်မျှဝေဖြန့်ဝေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် လပွတ္တာခရိုင် ဥပဒေအရာရှိ ဦးမျိုးမင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဥပဒေဆိုင်ရာအသိပညာနှင့် လက်တွေ့ဆောင်ရွက်နိုင်မှုစွမ်းရည်များ မြင့်မားလာစေရန်၊ သင်တန်းသားများအနေဖြင့် ဥပဒေဆိုင်ရာအသိပညာများကိုရရှိကာ ပြည်သူများထံသို့ ထိရောက်စွာပြန်လည်မျှဝေဖြန့်ဝေနိုင်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိမြတ်မွန်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကာလမှာ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)