ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသိပ္ပံကျောင်းများ ဖွင့်ပွဲအား Virtual စနစ်ဖြင့် တက်ရောက်၊ သူနာပြုသိပ္ပံ(စစ်တွေ) ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်

စစ်တွေ      ဇူလိုင်  ၁၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံကျောင်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသူများ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသိပ္ပံ(စစ်တွေ) ကျောင်း၌ကျင်းပ ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု သိပ္ပံ(စစ်တွေ) ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊  ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် သူနာပြုသိပ္ပံ(စစ်တွေ) ကျောင်းအုပ်ဆရာမကြီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က သူနာပြုသိပ္ပံ(စစ်တွေ) ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုသိပ္ပံ(စစ်တွေ)ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသိပ္ပံ(စစ်တွေ) ကျောင်းစာကြည့် တိုက်၊ သရုပ်ပြခန်း၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သူနာပြုသိပ္ပံ(စစ်တွေ)ဆိုင်းဘုတ်ဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး