ပွင့်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများကို လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ ကျောင်းသား၊ ကျောင်းသူ (၂၀၂) ဦးတို့အား အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမျိုးမြင့်အောင်၊ ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုတို့က တက်ရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )