ပုသိမ် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စပါးနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသတွင်းစီးပွားရေးမြှင့်တင်ရန်အတွက် မိမိတို့ဆီ၌ရှိပြီးသားဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ကြမ်းများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးရန် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံပြီး လုပ်ကိုင်နေကြသည့် နိုင်ငံဖြစ်၍ ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက် အလွယ်တကူရရှိနိုင်သည့် သဘာဝ သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံဒေသထွက် ကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို တွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲသည် ဆွေးနွေးရုံသက်သက်မဟုတ်ဘဲ မိမိတို့တိုင်းဒေသကြီးအတွင်းက MSME လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နည်းပညာ၊ ဘဏ္ဍာရေး၊ ဈေးကွက် စသည့် ဘက်စုံမှ မည်ကဲ့သို့ ပူးပေါင်းကူညီဖြေရှင်းပေးနိုင်မည်ကို လက်တွေ့ကျသည့် နည်းလမ်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးမှု၊ ဈေးကွက်ဖော်ဆောင်ပေးနိုင်မှု၊ ယှဉ်ပြိုင်စွမ်းရှိသည့် ပို့ကုန်များထုတ်လုပ်နိုင်ရန် လိုအပ်မှုနှင့် အရင်းအနှီးလိုအပ်မှု အခြေအအနေများကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင် ဒေါက်တာ မောင်မောင်သိမ်းက MSME ကဏ္ဍအရေးပါမှု၊ MSME သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါမှု၊ MSME လုပ်ငန်းများ တိုးတက်ဖော်ဆောင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး အလုပ်လက်မဲ့နည်းပါးအောင် လျော့ချပေးနိုင်မှု၊ နိုင်ငံတစ်နိုင်ငံ၏ (GDP)တိုးတက်အောင် ဖြည့်ဆည်းပေးနိုင်မှု၊ စက်မှုလက်မှု နည်းပညာဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု၊ ဈေးကွက်ကျွမ်းကျင်မှု၊ ငွေကြေးအရေးပါမှု၊ ချေးငွေလိုအပ်မှုနှင့် နိုင်ငံတကာတွင် MSME အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ A Bank Public Company Limited ၏ ဒုတိယအမှုဆောင်အရာရှိချုပ်က ဒစ်ဂျစ်တယ်ခေတ်သစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးပံ့ပိုးမှု ဈေးကွက်အခွင့်အလမ်းများကို လည်းကောင်း၊ Arise Co., Ltd ၏ Managing Director က MSME လုပ်ငန်းများအတွက် ထုတ်ကုန်သစ်များ၊ ထုတ်ပိုးမှုပုံစံသစ်များနှင့် ပြည်တွင်းပြည်ပဈေးကွက် ချဲ့ထွင်ရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက တိုင်းဒေသကြီးကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းရုံး ဆောက်လုပ်ရန်အတွက် အလှူငွေများပေးအပ်ရာ (ARCCI) အသင်းဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ မွေးမြူရေးလုပ်ငန်းပညာရှင် ဒေါက်တာ ဝင်းဇော်ထွန်းက ငါးမွေးမြူရေးတွင် ပရိုတင်းအစားထိုးဖြည့်စွက်စာ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ ဦးစိုင်းတင်ကိုကိုက ပုစွန်သားဖောက်ခြင်းနှင့် အစားထိုးအစားအစာ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းအမှုဆောင်အရာရှိ ဒေါက်တာသက်ခိုင်က ကြက်/ ဝက်/ နွားမွေးမြူရေးထုတ်ကုန်များ အဆင့်မြှင့်တင်နိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုသိမ်တက္ကသိုလ် စီးပွားရေးပညာဌာနမှ ဒေါက်တာခိုင်ဇာဝင်းက MSME လုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဝင်နိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဦးဇော်မင်းအောင်က MSME လုပ်ငန်းများနှင့် Digital နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
လှမင်းထွဋ်(ပြန်/ဆက်)