ကျုံပျော် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယနေ့နံနက် ၈ နာရီက စတင် ကျင်းပပြုလုပ်သည်။ ဦးစွာပြိုင်ပွဲအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ကြူကြူသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းစိုးအောင်နှင့် ဦးမောင်မောင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျုံပျော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အနုပညာသည် ပြည်သူများ၏ အသည်းနှလုံးကို ဆွဲဆောင်စည်းရုံးနိုင်သည့် အထက်မြက်ဆုံးသော လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်ပါကြောင်း၊ "ဂီတသာလျှင် လူမျိုးသာမည်၊ ဂီတချာလျှင် လူမျိုးချာမည်" ဟူသော ဆိုရိုးရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှတစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်ကို အလေးအနက်ခံယူ၍ ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဖိုးကံကောင်းအိုးစည်ဝိုင်း၏ တီးခတ် ဖျော်ဖြေခြင်း၊ ဒိုင်အဖွဲ့မှ နှလုံးသားကိုအလှဆင်ပါ တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ အခြေခံပညာအဆင့် တစ်ဦးချင်း အကပြိုင်ပွဲ၊ မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် အဆို ပြိုင်ပွဲ၊ အရေးပြိုင်ပွဲ နှင့် ကဗျာလွတ်အကပြိုင်ပွဲများ ပြုလုပ်ရာ မြို့နယ်အတွင်းရှိ အသက်(၁၀-၁၅)နှင့် (၁၅-၂၀) ကျောင်းသား၊ ကျောင်းသူလေးများက ဘာသာရပ်အလိုက် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုပေးပွဲအား ကျင်းပရာ ကျုံပျော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)