မြန်အောင်မြို့နယ်၌ စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြား၊ လုပ်ငန်းသုံးဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး

မြန်အောင် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က မြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်း ပြောကြားခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်နိုင်က အမှာစကားပြောကြား ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်အောင်က လုပ်ငန်းလိုင်စင် ပြုလုပ် ရေး၊ လုပ်ငန်းသုံးစားအုန်းဆီများ စနစ်တကျခွဲဝေပေးနေမှုအခြေအနေ၊ ဆီရရှိမှုနှင့်ခွဲဝေဖြန့်ဖြူး ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် မြန်အောင်မြို့နယ်အတွင်း လုပ်ငန်းသုံးဆီထုတ်ယူသုံးစွဲသည့် လုပ်ငန်းရှင် (၉၅) ဦးတို့ အား လုပ်ငန်းကြီး၊ လတ်၊ ငယ်ခွဲခြား၍ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းရုံး တွင် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)