လွိုင်ကော် ဇူလိုင် ၁၆
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးနောက် ဒီးမော့ဆိုမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့တက်ရောက်ရာ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးက ငါးသားဖောက်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက နှစ်လက်အရွယ်အစားရှိ ငါးမြစ်ချင်း ကောင်ရေ သုံးသိန်းကို ဘီလူးချောင်း အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့သို့သွားရောက်ပြီး ပြန်လည် ထူထောင်ရေးအတွက် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဦးစွာ ခုတင် ၅၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ပြုပြင်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဈေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဒီးမော့ဆိုမြို့မရပ်ကွက်အတွင်း ပြန်လည်နေရာချထားမည့် အခြေအနေများ၊ မြို့သန့်ရှင်းရေး အတွက် ဦးစားပေး ဆောင်ရွက်မည့် အစီအမံများ၊ ဌာနဆိုင်ရာ စုပေါင်းရုံး ဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေနှင့် ရုံးအဆောက်အအုံများ ဦးစားပေးအလိုက် ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး ဦးစားပေး ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာရုံးများ ဦးစားပေးအလိုက်ပြန်လည်ဖွင့်လှစ်ပြီး နေရပ်ပြန် ပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်၍ မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးဆောင်ရွက် ပေးကြရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီး အမြန်ဆုံး ရရှိရေးအလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငွေတောင်ဆည်သို့သွားရောက်ပြီး ရေထိန်းမျှော်စင်အတွင်း ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးထားရှိပြီးဖြစ်သည့် ဆည်ရေသောက်စပါး စိုက်ပျိုးဧကများ သတ်မှတ်ဧကပေ.အလိုက် ရေပေးဝေနိုင်ရေး ဆောင်ရွက်ရန်နှင့် ရေရှည်အသုံးပြု နိုင်ရေး စနစ်တကျထိန်းသိမ်းရန် တာဝန်ရှိသူများအားမှာကြားပြီး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင် ကျေးရွာရှိ ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ စားသောက် ဖွယ်ရာများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ဆောင်ရွက်သော ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင် ရွာတွင်းလမ်း (၁/၀)မိုင် ကတ္တရာခင်းခြင်းနှင့် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင် ကျေးရွာအုပ်စု၊ ဒေါပိုးစီ ရွာတွင်းလမ်း (၁/၀)မိုင်အနက် ၁၅၆၉ ပေ အား ကတ္တရာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်ရန်မှာကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဒေါပိုးစီကျေးရွာတွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးမှုနှင့် 200KVA ထရန်စဖော်မာ တစ်လုံး ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်းဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)