သာပေါင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် တိရစ္ဆာန်သက်ကယ်အဆောက်အဦ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် တိရစ္ဆာန်သက်ကယ်အဆောက်အဦ (၂၅၀'×၆၀'×၁၃') သည် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့ပြီး တိရစ္ဆာန်သက်ကယ်ကုန်းအဆောက်အဦရှိ တိရစ္ဆာန်များထိခိုက်ဒဏ်ရာရရှိမှု၊ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိကြောင်းနှင့် အဆိုပါအမိုးလန်သွပ်များအား လူနှင့်တိရိစ္ဆာန်များအတွက် အန္တရာယ်မဖြစ်စေရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဇံအိုးကျေးရွာအုပ်စု၊ ရေစမ်းကျေးရွာနေ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၇)ဦးတို့နေထိုင်ရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း (၁၅'×၁၅'×၁၅') နေအိမ်ပြိုကျပျက်စီးခဲ့ရပြီး အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိကြောင်းနှင့် ၎င်းနေအိမ်တို့တွင် နေထိုင်သူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သိန်းမြင့်မျိုးဦး