သာပေါင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သဲဖြူကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာရှိ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၅'×၁၅'×၁၅') နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိကြောင်းနှင့် အဆိုပါနေအိမ်တွင် နေထိုင်သူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြိုပိ၍ နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာရှိ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၀'×၁၀'×၁၀') နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိကြောင်းနှင့် ၎င်းနေအိမ်တွင် နေထိုင်ကြသူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့များမှပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။