ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်လမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကြပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ပြည်နယ်လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတားလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုအမှန်တစ်ကယ် အကျိုးရှိပြီး အမှန်တစ်ကယ် လိုအပ်သော လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အင်ဂျင်နီယာ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရခိုင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက်လာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ရုံးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား အများပြည်သူအတွက် အမှန်တကယ်အကျိုးရှိပြီး မြေပြင်တွင် အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကျန်ရှိမှုမရှိစေရေး စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရခိုင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စစ်တွေမြို့ မီးလင်းရေးအတွက် လက်ရှိဓာတ်အားလိုင်းများအား စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြပေးကြရန် ပြောကြားသည်။

ယင်းနောက် ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရပ်ကွက်များအား ဒီဇယ်ဓာတ်အားပေးစက်ဖြင့် မီးပေးနိုင်ရေးအတွက် မီးစက်ထားရှိမည့်နေရာများနှင့် ဓာတ်တိုင်များအား စနစ်တကျရှိစေရေးဆောင်ရွက်နေမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံရပ်ကွက်ရေစီး ရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက် ထားရှိမှုအားလည်ကောင်း၊ လမ်းဘေးဝဲယာတွင် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုနှင့် ထင်းစိုက်ခင်း(၁၀) ဧကစိုက်ပျိုးမည့်နေရာ အားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)