ဟင်္သာတမြို့နယ်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက် ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများမှ မြို့နယ်ကြက်ခြေနီအသင်းအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရ ကစားသမားများ အားလည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများမှ အသင်းအလိုက် စတုတ္ထဆု၊ တတိယဆုရအသင်းများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဒုတိယဆုရရှိသော အသင်းအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်ချီးမြှင့်ခြင်း၊ ပထမဆုရရှိ သောအသင်းအား မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အား/ကာမှူး ဒေါ်ဖြိုးစန္ဒာဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ဘောလုံးအားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)