ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ ဆဌမအကြိမ် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနား ကျင်းပ

​ရွှေဘို​ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ ဆဌမအကြိမ် သူနာပြုသားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ဇူလိုင် (၁၄) ရက်နေ့ နံနက် (၉) နာရီတွင် အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမ၌ ကျင်းပခဲ့ရာ ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ဒုတိယပါမေက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခ (ဌာနမှူး) များ၊  ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ​  ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက​ အဖွင့်အမှာစကား​ ပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက ဂျူတီကုတ်နှင့် သူနာပြုဦးဆောင်းအပ်နှင်းရခြင်း အဓိပ္ပာယ်နှင့် သင်တန်းရေးရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ (၃၈) ဦးတို့အား ဂျူတီကုတ်နှင့် သူနာပြုဦးဆောင်းအပ်နှင်းခဲ့သည်။ ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများမှ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ “ဂရုဏာအလင်း”နှင့် “ကျွန်မသူနာပြုဆရာမ” တေးသီချင်း များဖြင့် ဖျော်ဖြေခြင်း၊ သင်တန်းနှစ်အလိုက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ရွှေဘိုခရိုင် နေ့ထူးနေ့မြတ် အခမ်းအနားများတွင် ကျောင်းကိုယ်စားပြုပါဝင်ခဲ့သော ထူးချွန်ဆုရသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)