မြောင်းမြ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမကြီးများနှင့်လမ်းသွယ်များရှိအနိမ့်ပိုင်းများသို့ မိုးရေများစီးဆင်း၍ နေအိမ်ရှေ့ မြောင်းငယ်များတွင်ရေများ ယာယီပြည့်လျှံ၍ အချို့နေအိမ်များ၊ ကျောင်းများအတွင်း ဝင်ရောက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါနေရာများသို့သွားရောက်၍ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကို၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မိုးရွာသွန်း၍ ရေဝင်ရောက်ခဲ့သော နေအိမ်များ၊ ကျောင်းများ၊လမ်းများအသီးသီး၌ အနိမ့်ပိုင်းသို့စီးဆင်းပြီး နီးစပ်သည့်ရေထွက်ပေါက်များမှ မြစ်အတွင်းစီးဆင်းပြီး လမ်းများပေါ်တွင် မိုးရေတင်ကျန်မှုမရှိစေရေးဆောင်ရွက်ခြင်း၊ လမ်းဘေး လဲကျသစ်ပင်များရှင်းလင်းခြင်း၊ ရေဝင်ရောက်မှုကြောင့်ရှောင်ရှားနေသည့် ပြည်သူများအား လိုအပ်သည်များပံ့ပိုးကူညီခြင်းနှင့် ဖြစ်ပေါ်နေမှုများကို လိုက်လံစစ်ဆေးခြင်းများအား အချိန်မီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)