ဖျာပုံ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်ဆောင်ကြီးများကို သတိရပြီး၊မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည် ခေါင်ဆောင်ကြီးများကို သတိရလွမ်းဆွတ်မိစေရန်၊ အာဇာနည်ခေါင်ဆောင်ကြီးများအား အတုယူ အားကြစေရန်နှင့် စာအုပ်စာပေဖတ်ရှုခြင်းမှ ရရှိမည့်အကျိုးကျေးဇူးများအား အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာန ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူကလေးများအား ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်