မြောင်းမြ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ပွဲအခမ်းအနားကို ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားရာတွင် အများပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နေကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ရေးမှူးများ အနေဖြင့် ဥပဒေနှင့် အညီဆောင်ရွက်ရမည့်ကိစ္စရပ်များ၌ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေအသိပညာများ ပြည့်ဝနေရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မြင့်ခိုင်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြောင်းမြမြို့နယ် ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးသူရဟိန်း၊ ဒုမြို့နယ် ဥပဒေအရာရှိ ဦးကျော်သူရနှင့် ဦးဟိန်းကိုအောင်တို့က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၈၀) ဦးတို့အား ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)