မိုင်းယန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန နယ်စပ်ခြံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှဝင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် သွင်းအားစုဆက်စပ်ပစ္စည်းများအား တာဝန်ရှိသူများမှ အသီးသီးထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ တောင်သူများက လက်ခံရယူခဲ့ကြပြီး မျိုးစေ့ထုတ်စံပြစိုက်ပျိုးသူ တောင်သူများအားလုံးကိုယ်စား မိုင်းလွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး