ငွေဆောင် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်း (၄/၂၀၂၆) ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၁၁း၀၀) နာရီက ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ Aureum Palace ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိမိတို့လုပ်ငန်းနယ်ပယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝန်ထမ်းတိုင်းတွင် တာဝန်ရှိကြောင်းနှင့် အရေးပေါ်ဖြစ်ပွား လာပါက မီးသတ်ဦးစီးဌာန၏ hotline ဖုန်းနံပါတ်ဖြစ်သော 191 သို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်သတင်းပေးပို့သွားရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါမီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအား ငွေဆောင်မြို့ မီးသတ်ဌာနမှ (၁၃.၇.၂၀၂၆) ရက်နေ့မှ (၁၇.၇.၂၀၂၆) ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်သား (၃၀) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး