အိမ်မဲမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

အိမ်မဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ကြသော၊ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပရာ အ.မ.က မြို့မ (၂) ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးပြီးအသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေး ခဲ့သည်။

ချစ်သက်လယ်