မအူပင် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို၌ သဘာဝဘေး အန္တရာယ်များကျရောက်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက မင်းဧရာတံတားအနီး၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ၊ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးကျရောက်လာသည့်အချိန်တွင် လျင်မြန်စွာတုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်နှင့်စက်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ အသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် အတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်မှုအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသင်းအဖွဲ့များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ပြသထားသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာများအား ကြည့်ရှုလေ့လာခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူးမှ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)