ဘိုကလေး ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင်(၁၂)ရက် ညနေ (၃)နာရီ ကျော်က မိုးသည်းထန်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ နောက်တိုးချဲ့လမ်းတွင် သစ်ပင်ပြိုလဲပြီး အိမ်ပေါ်ပိသဖြင့် (၃)ခန်းတွဲ လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရာ ယမန်နေ့နေ့လယ် (၂) နာရီအချိန်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့က အိမ်ပြိုကျပျက်စီးသည့် အိမ်ထောင်စုဝင်များအား ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့မှုများ ဆောင်ရွက် ခဲ့ကြသည်။
ထောက်ပံ့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြိုကျပျက်စီးသည့် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀)ကျပ်၊ အဆိုပါနေအိမ်မှ မိသားစုဝင် (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၅၀၀၀) ကျပ်၊ စုစုပေါင်း (၂၄၅၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၁) ပုံးကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းက ပြိုကျပျက်စီးသည့်နေအိမ်မှ မိသားစု (၃) စုအတွက် (၁) စုလျှင် တာပေါ်လင် (၂)ချပ်၊ မိသားစုသုံးပစ္စည်း(၁)ပုံး၊ အမျိုးသားအသုံးအဆောင်(၁)အိတ်၊ အမျိုးသမီးအသုံးအဆောင် (၁)အိတ်၊ စုစုပေါင်း ပစ္စည်း (၄) မျိုးစီကိုလည်းကောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)