ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ရခိုင်ပြည်နယ်အတွင်း စားရေ ရိက္ခာဖူလုံမှု ရှိစေရေး စိုက်ပျိုးရေး ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေး၊ UID ကတ်များ ဆောင်ရွက်ပေးနေမှုများအား လှည့်လည်ကြည့်ရှု

စစ်တွေ     ဇူလိုင်    ၁၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် အတွင်း စားရေရိက္ခာဖူလုံမှု ရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး၌  ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား UID ကတ်များ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကြစဉ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှ ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များ တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းအချက်များအပေါ်တွင် အများကြီးအခြေခံကျကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် အရည်အသွေးကောင်းသော ပေါ်ဆန်းစပါးများ စိုက်ပျိုးနိုင်ရေး၊ ရေငံဒဏ်ခံနိုင်သော စပါးမျိုးများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့်မြေပဲနှင့် နေကြာကိုတိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ တစ်သျှူးငှက်ပျော စိုက်ပျိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြေဆီလွှာအဟာရဖွံ့ဖြိုးတိုး တက်ရေးအတွက် ဓာတ်မြေဩဇာတစ်ခုတည်းကို သုံးစွဲခြင်းမပြဘဲ မိမိတို့ပတ်ဝန်းကျင်တွင်ရှိသည့် လယ်ယာစွန့်ပစ်အမှိုက်များနှင့် သဘာဝမြေဩဇာများကို စနစ်တကျရောစပ်သုံးစွဲနည်းများ အသုံးပြုတတ်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ အီးအမ်ဘိုကာရှီပြုလုပ်သုံးစွဲခြင်း၊ စူပါဘိုကာရှီပြုလုပ် သုံးစွဲမည့်စနစ်များကို တောင်သူများသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံးအတွင်းရှိ သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းနှင့် မျိုးစေ့အရည်အသွေး စစ်ဆေးခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား UID ကတ်များ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ် (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်လျာထား လုပ်ငန်းများအား တစ်ခုချင်း မြေပြင်ကွင်းဆင်းစိစစ်ပြီး အမှန်တကယ်လိုအပ်၍ အများပြည်သူ တိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများအား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊  ဆောင်ရွက်မည့် လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး