ဖျာပုံ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်းရှိ မိုးစပါးစိုက်တောင်သူများအား စပါးအထွက်နှုန်းနှင့် အရည်အသွေးကောင်းစပါးမျိုးများ ရရှိစေရန်ရည်ရွယ်၍ Rice Export Zone ဆောင်ရွက်သည့် ကုမ္ပဏီ (၆)ခုနှင့် Export Zone ဆောင်ရွက်မည့် (၂၃၃၅၂)ဧကတွင် ပါဝင်သော တောင်သူများအား ပထမအကြိမ် စိုက်ပျိုးစရိတ်ချေးငွေ (၁)သိန်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ် ဆိုခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ကြသည်။
အဆိုပါ Rice Export Zone ဆောင်ရွက်မည့်မိုးစပါးစိုက် တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုရာတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာအေး က Export Zone ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များနှင့် တောင်သူများတစ်ဦးချင်း ဝင်ငွေတိုးမြင့်စေရန်၊ ပြည်ပပို့ကုန်စျေးကွက်၏ လိုအပ်လျက်ရှိသောမျိုးများကို စနစ်တကျစိုက်ပျိုးထုတ်လုပ်မှ ဆန်စပါးတိုးမြင့်တင်ပို့နိုင်မှာဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ပြောကြားသည်။
ထို့နောက်သက်ဆိုင်ရာ Exporter ကုမ္ပဏီ အသီးသီးမှတာဝန်ရှိသူများမှ Rice Export Zone ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက Rice Export Zone ဖော်ဆောင်မည့်တောင်သူများအား ပထမအကြိမ်အဖြစ် Export Zone ဖော်ဆောင်မည့် လယ်ဧက (၂၃၃၅၂)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေတစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းအားစတင် ထုတ်ချေးပေးကြသည်။ ထို့နောက် Rice Export Zone ဆောင်ရွက်သည့် ကုမ္ပဏီ (၆)ခုနှင့် Export Zone ဆောင်ရွက်မည့် (၂၃၃၅၂)ဧကတွင်ပါဝင်ဆောင်ရွက်မည့် တောင်သူများစာချုပ်ချုပ်ဆိုခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)