မော်လမြိုင်ကျွန်း ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူများအား အခြေခံ ားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဘဲဥများနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမနှင့် (၁၁) လမ်းထောင့်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါရောင်းချပေးမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ဖြူဖြူဝင်းနှင့် ဝန်ထမ်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားအုန်းဆီကိုယ်စားလှယ်တို့က ပြည်သူများ နေ့စဉ်လိုအပ်လျက်ရှိသော ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၈၄၀၀) ကျပ်၊ ဘဲဥ (၁) လုံးလျှင် (၃၃၀)ကျပ် နှင့် ကြက်ဥ (၁) လုံးလျှင် (၅၀၀) ကျပ်တို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူအားပေးခဲ့ကြသည်။
ထို့နောက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုကို မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးနှင့် ရောင်းချမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)