မြန်အောင်၌ စားအုန်းဆီများသတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချရေး ကြည့်ရှုစစ်ဆေး

မြန်အောင် ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများ ဝယ်ယူရရှိမှု ရှိ/မရှိကို ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း ၊မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့မှတာဝန်ရှိသူများသည် ပြည်သူများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှုရှိ/မရှိ  ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြန်အောင်မြို့နယ်သို့ ယခုလမှစ၍ လစဥ်စားအုန်းဆီ (၉၁၁) ပေပါကို လက်ကားကိုယ်စားလှယ် (၁၀) ဦးတို့ဖြင့် ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း နေ့စဥ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 ဝင်းဗိုလ်(ပြန်/ဆက်)