ငွေဆောင် ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ညောင်အုပ်ကျေးရွာရှိ အဘယာရာမကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်း တောင်သူများအား မိုးစပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ငွေဆောင်မြို့စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးမှူး ဦးလှိုင်မျိုးသန့်မှမိုးစပါးစိုက်ပျိုးရာတွင် ကြုံတွေ့ရသည့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲနည်းများအပြင် အထွက်တိုးမျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေးဆိုင်ရာ နည်းပညာ များအား တောင်သူများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ငွေဆောင်မြို့၊မြေစာရင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးအောင်ဇော်မင်းက လယ်ယာမြေ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် မိမိတို့ဒေသထွက်ကုန်များ အရည်အသွေးပြည့်မီစွာဖြင့် ဈေးကွက်အတွင်း တင်ပို့နိုင်ရေးအတွက် တောင်သူများအနေဖြင့် ရိုးရာစိုက်ပျိုးနည်းစနစ်များ အပြင် ခေတ်မီစိုက်ပျိုးရေး နည်းပညာများကိုပါ ပူးတွဲအသုံးပြုကြရန် လိုအပ်ကြောင်း၊ မိုးစပါး စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်နှင့် သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မြေစာရင်းစသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တောင်သူများအကြား အမြဲမပြတ်ထိတွေ့ဆက်ဆံကာ အကြံဉာဏ်များ ရယူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ ထို့ပြင် လယ်ယာမြေများကို အခြားနည်းလမ်းများဖြင့် လွှဲပြောင်းအသုံးပြုခြင်း မရှိစေရေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ကြရန်လည်း ထည့်သွင်းပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ညောင်အုပ်ကျေးရွာအတွင်းရှိ တောင်သူများ၏ မိုးစပါးစိုက်ခင်းများသို့ သွားရောက်ကာ စပါးပင်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး